Myanmar dispatches: အာဖကန်နစ္စတန်မှ ဥပဒေညီအမများဆီသို့ အိမ်ဖွင့် ပေးစာ

In late August, women law students reporting for JURIST in Myanmar wrote an open letter to women law students in Afghanistan, including those also reporting for JURIST, facing an uncertain and potentially grim future under the new Taliban regime. The letter received such a favorable international response that we are republishing it in the original languages of its authors and its recipients so that more people both in Myanmar and Afghanistan can read it. Today, we republish the letter in Burmese:

ဩဂုတ်လမှာ JURIST သို့ သတင်းအချက်အလက်များ ပေးပို့ကြသော မြန်မာနိုင်ငံမှ ဥပဒေကျောင်းသူများသည် တာလီဘန်တို့၏ အုပ်ချုပ်မှုအောက်တွင် မရေရာသောအနာဂတ်များကြောင့် အခက်အခဲရှိနေသော အာဖကန်နစ္စတန်မှ ဥပဒေကျောင်းသူများထံသို့ အိတ်ဖွင့်ပေးစာတစ်စောင် ရေးသားခဲ့သည်။ ၎င်းအိမ်ဖွင့်ပေးစာနှင့် ဆက်လျဉ်း၍ စိတ်ဝင်တစား တုံ့ပြန်မှုများနှင့် နှစ်လိုဖွယ်ကောင်းသော ပြန်စာများရရှိခဲ့သည်။ ထို့ကြောင့် မြန်မာနှင့် အာဖကန်မှ လူအမြောက်အများ ဖတ်ရှုနိုင်ရန် ၎င်းအိတ်ဖွင့်ပေးစာနှင့် ပြန်စာများကို ရေးသားသူတို့၏ မူလဘာသာစကားများဖြင့်လည်း ပြန်လည် ဖော်ပြလိုက်ပါသည်။

မင်းတို့တွေ ဩဂုတ်လမှာ ရင်ဆိုင်ရတဲ့အရာတွေဟာ ငါတို့ရဲ့ ဖေဖော်ဝါရီလတုန်းကလိုပါပဲ။ ငါတို့တွေက ကမ္ဘာကြီးရဲ့ မတူတဲ့နေရာတွေမှာ ရှိနေကြပေမဲ့ ငါတို့တတွေ ရင်ဆိုင်နေရတဲ့ အရာတွေကတော့ အတူတူနီးပါးပါပဲ။ တစ်ချိန်က ငါတို့ကြုံခဲ့သလိုပဲ ဒီအဖြစ်အပျက်တွေ အားလုံးက မင်းကို ထိတ်လန့်စေမယ်ဆိုတာ ငါတို့နားလည်တယ်။ မင်းရဲ့ကမ္ဘာကြီးတစ်ခုလုံး ပြိုကျသွားသလိုခံစားရမှာပေါ့၊ အထူးသဖြင့် မင်းက ဥပ‌ဒေကျောင်းသူ/သားတစ်ဦးဖြစ်နေတဲ့အခါ၊ မင်းဟာ ဒီအချိန် ဒီနေရာမှာမှ လူဖြစ်လာရတဲ့ အမျိုးသမီးတစ်ဦးဖြစ်နေတဲ့အခါမျိုးပေါ့။ အမှန်တရားဘက်က ရပ်တည်ဖို့၊ လူ့ဘောင်အဖွဲ့အစည်းမှာ တရားမျှတမှုကို ဖော်ဆောင်ဖို့ ရည်ရွယ်ချက်တွေနဲ့ ဥပဒေပညာကို သင်ယူနေတဲ့ မင်းတစ်ယောက် အခုဘယ်လိုလုပ်မလဲ? ဥပဒေကျောင်းက ဖတ်စာအုပ်တွေထဲမှာတော့ ပြောထားတာပေါ့ “ဥပဒေ၏ အထက်တွင် မည်သူမှ မရှိစေရ” တဲ့။ အခုတော့ လူတစ်စုက အဲ့ဥပဒေတွေကို အပိုင်စီးထားတယ်။ အာဖကန်နစ္စတန်မှာတော့ တာလီဘန်တွေ၊ မြန်မာမှာတော့ တပ်မတော်ပေါ့။ အမှန်တရားအတွက် ရပ်တည်တဲ့ ရဲရင့်တဲ့ ရှေ့နေတွေ တရားသူကြီးတွေဆိုတာ ပုံပြင်းအလားပဲ ရှိတော့မယ်။ ဥပဒေမဲ့ တိုင်းပြည်ကြီးမှာနေပြီး ငါတို့တွေရဲ့ပါးစပ်ဖျားကနေ တရားမျှတမှု၊ လူ့အခွင့်အရေးဆိုတဲ့အရာတွေကို ဘယ်လိုလုပ်ပြောခွင့်ရတော့မလဲ။

အတိတ်က မင်းရဲ့ကြိုးစားမှုတွေ၊ မင်းကိုယ်တိုင် စိတ်ကူးပုံဖော်ခွင့်ရှိတဲ့ လက်ရှိအချိန်၊ မင်းမျှော်လင့်ထားတဲ့ လှပလွန်းတဲ့အနာဂတ်၊ ဒါတွေအားလုံးပျောက်ဆုံးပြီး မင်းပိုင်ဆိုင်ထားသမျှရွှေတွေ အကုန် တန်ဖိုးမရှိတဲ့ ပလပ်စတစ်တွေအဖြစ် ပြောင်းသွားသလို ခံစားနေရမှာပေါ့။ ဥပဒေကျောင်းသူတစ်ယောက်အနေနဲ့ မင်းရဲ့အချိန်တော်တော်များများကို စာတွေဖတ်ရင်း၊ တွေးခေါ်ရင်း၊ ပြိုင်ပွဲတွေပြိုင်ရင်း၊ အလုပ်သင်လုပ်ရင်း ကြိုးကြိုးစားစားဖြတ်သန်းနေခဲ့မှာပဲ။ ငါတို့လည်း မင်းလိုပါပဲ။ အတွေ့အကြုံအရပြောရရင် ငါတို့လည်း အာဏာသိမ်းပြီးပြီးချင်းတုန်းက လတော်တော်များများထိ ဥပဒေစာအုပ်တွေကို လုံးဝမမြင်ချင်ခဲ့ဘူး။ အဲ့ဥပ‌ဒေစာအုပ်တွေက တစ်စစီကွဲကြေသွားတဲ့ ငါတို့ရဲ့ မျှော်လင့်ချက်တွေကို သတိရစေပြီး ငါတို့ရဲ့ ကိုယ်ပိုင် အနာဂတ်၊ ငါတို့နိုင်ငံရဲ့ လှပတဲ့ အနာဂတ်တွေအတွက် ရင်ကွဲရလို့။ ငါတို့တွေရဲ့ အနာဂတ်က လေထဲတင်ပျောက်သွားတာ မဟုတ်ဘူး၊ ရက်ရက်စက်စက် အခိုးခံလိုက်ရတာ၊ ဓားပြတိုက်ခံလိုက်ရတာ။ တစ်ချိန်တည်းမှာ ဖြစ်လာတဲ့ ဒေါသ၊ ဝမ်းနည်းမှု၊ မျှော်လင့်ချက် ကင်းမဲ့မှု၊ ကူကယ်ရာမဲ့တဲ့ ခံစားချက်တွေကို မင်းလည်းခံစားနေရမှာပဲ။ သူငယ်ချင်းတို့ရဲ့ ခံစားချက်ကို ငါတို့ ကောင်းကောင်းကြီး နားလည်တယ်။

မင်း ဆန္ဒပြဖို့ အပြင်ထွက်တဲ့အခါလည်း ငါတို့တွေကြုံတွေ့ရတာတွေနဲ့ အတူတူပဲဖြစ်မယ်။ မင်းရဲ့ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကို အသုံးချရင်း မင်းရဲ့အသက်ရှင်သန်ခွင့်၊ လွတ်လပ်စွာ သွားလာလှုပ်ရှားခွင့်၊ လွတ်လပ်၍ တရာမျှတသော တရားခွင်တွင် တရားရင်ဆိုင်ခွင့် အစရှိတဲ့ လူ့အခွင့်အရေးတွေကို ဆုံးရှုံးရနိုင်တဲ့ အနေအထားလေ။ တလောက အာဖကန်အမျိုးသမီးတွေ သေနတ်ကိုင်ပြီးရပ်နေတဲ့ တာလီဘန်တွေရှေ့မှာ မကြောက်မလန့် ဆန္ဒထုတ်ဖော်နေတဲ့ ဓာတ်ပုံကို ငါတို့ တွေ့လိုက်ရတယ်။ အရမ်းကို အားကောင်းလွန်းတဲ့ မြင်ကွင်းတစ်ခုဖြစ်ပြီး တာလီဘန်တွေရဲ့ သေနတ်က မင်းတို့ရဲ့ ရဲရင့်မှုတွေနဲ့ယှဥ်ရင် ဘာမှအရာမရောက်သလိုပါပဲ။ ငါတို့ မြန်မာပြည်မှာလည်း နေ့စဥ်နဲ့အမျှ ဆန္ဒပြကြတယ်။ ငါတို့လည်း မကြောက်တတ်လို့၊ အသက်တစ်ချောင်းအပိုပါလို့ အပြင်ထွက် ဆန္ဒပြကြတာမဟုတ်ဘူး၊ အမှန်တရားဘက်က ရပ်တည်မယ်ဆိုတဲ့ ခိုင်မာတဲ့စိတ်ဆုံးဖြတ်ချက်တွေကြောင့်ပါ။ မတရားမှုက ဥပဒေဖြစ်လာရင် ခုခံရမှာ ငါတို့တာဝန်မလား? ကြောက်စိတ်ကို ကျော်လွန်ပြီး တစ်စုံတစ်ခုကို လုပ်ဖို့ဆုံးဖြတ်ချက်ချလိုက်နိုင်တာကို သတ္တိလို့ ခေါ်တယ်မလား?

တော်လှန်ရေးက တကယ်တော့ မာရသွန်အပြေးပြိုင်ပွဲလိုပဲ။ မင်းအနားက လူတွေအများကြီး နေ့စဥ်နဲ့အမျှ ခံစားနေရတာကို မြင်တွေ့နေရတော့ မင်းကိုယ်တိုင် ပြိုလဲခွင့် အနားယူခွင့်မရှိဘူးလို့ ခံစားရနိုင်တယ်။ အဲ့စိတ်ကို အပြစ်ရှိစိတ်၊ အားနာစိတ်လို့ခေါ်တယ်။ အဲ့လိုခံစားဖို့မလိုပါဘူး။ မင်းကို သိစေချင်တာက မင်းလည်း လူသားတစ်ယောက်ပဲမို့ အကြိမ်ကြိမ်ပြိုလဲခွင့်ရှိတယ်။ လဲကျတိုင်းပြန်ထရင်း မင်းဟာ ပိုပြီးသန်မာလာမှာ။ အမှန်အတိုင်းပြောရရင် ငါတို့လည်း ဒီပြဿနာကြီးကို တစ်ယောက်တည်းအားနဲ့ ကျော်လွှားနိင်စွမ်းမရှိတော့သလို ခံစားရတဲ့အခါတွေ ရှိတယ်။ ဒါပေမဲ့လည်း ငါတို့တစ်ဦးချင်းမှာ လုပ်နိုင်တာတွေ အများကြီးရှိတယ်။ တော်လှန်ရေးတစ်ခုအောင်မြင်ဖို့အတွက် တစ်ဦးချင်းရဲ့အားတွေအကုန် လိုအပ်တယ်လေ။

မင်းသိလား? မြန်မာတွေပြောနေကျစကားတစ်ခုရှိတယ်။ လူဆိုးတွေက အသက်ပိုရှည်တတ်ကြတယ်တဲ့။ (ရယ်စရာပြောတာပါ) မင်းနေ့တိုင်း ကောင်းကောင်းအိပ်ဖို့၊ ကောင်းကောင်းစားဖို့ အားပေးပါတယ်။ ဒါမှ မင်း လုပ်ချင်တဲ့အရာတွေကို နေ့တိုင်းလုပ်ဆောင်နိုင်မှာ။ အဲ့လူဆိုးတွေထက် အသက်ရှည်အောင်နေပြီး လှပတဲ့အနာဂတ်ကို ကိုယ်တိုင်မြင်ခွင့်ရအောင် ရှင်သန်လိုက်ပါ။ ဘယ်လိုဒုက္ခမဆို တစ်နေ့တော့ အဆုံးသတ်သွားမှာပါ။

ငါတို့တွေက မိုင် ၃၀၀၀ လောက်အဝေးမှာ နေကြပေမဲ့ စိတ်ချင်းတော့ နီးပါတယ်။ ဒီအခက်အခဲတွေကြုံနေတဲ့တစ်လျှောက်လုံး မင်းတို့နဲ့အတူ ရပ်တည်နေပါ့မယ်။ ဒီတောင်ကို မင်းတို့ကျော်လွှားနိုင်မယ်လို့ ယုံကြည်တယ်။ ဆင်တူလှတဲ့ အခက်အခဲတွေကို ရင်ဆိုင်နေရတဲ့သူတွေ အချင်းချင်းမို့ ငါတို့တွေအားလုံးက မင်းတို့ကို လေးစားပြီး အမြဲဂုဏ်ယူနေပါတယ်။ မင်းတို့ဆီ ဒီစာလေး ရောက်ပါစေ။

စိတ်ရင်းဖြင့်

မြန်မာမှ ဥပ‌ဒေကျောင်းသူ ညီအမများ